ထိုနေ့က
ကျွန်တော့် နွေလယ်ခေါင် နှလုံးခုန်သံ၌
မျက်ဝန်းဆာဆာလေး တစ်ပွင့်သည်
အမှတ်တမဲ့မှ အမှတ်တရဖြစ်သည် အထိ
စွတ်စို ပွင့်ဖူး၍ ရနံ့တို့ ထစ်ချုန်းလေတော့သည်။
ဒါကို ထိုပန်းကလေး
သတိမူခဲ့လိမ့်မည်ဟု ကျွန်တော်မထင်မိ။
(သတိမူချင်လည်း မူခဲ့ပေလိမ့်မည်။)
တဒင်္ဂ
လျှပ်ပြက်မူမှာ
လရောင်ဆမ်းသော နွေညများနှင့်
တိမ်မှောင်လွမ်းသော မိုးညများ၌
မြူနှင်းခြုံဆောင်းကို
တောင့်တနေမိသည့် အဖြစ်အား
ကျွန်တော့်ကို ကျွန်တော် အပြစ်မမြင်မိ။
မသေချာမူတွေများသော
လောကမှာ
ကျွန်တော့်စိတ်အား စစ်ကြော
ခြေရာကောက်ကြည့်တော့လည်း
အဖြေသည် သေချာစွာ
ထိုမျက်ဝန်းဆာဆာလေးသာ ထွက်ပေါ်လာ၏။
ပန်းကလေးရှိရာသွားမှ
ဝတ်ရည်ရရှိသည်ကို ကျွန်တော်သိသော်လည်း
ကျွန်တော်၏သတ္တိအား ပျက်ရယ်မပြုချင်၍
ကံကိုသာ ပုံချလိုက်မိသည်။
မျိုးဝင်းနိုင်
၁၃-၃-၂ဝ၁၉
0 Comments