သားကြီးတို့၊ ယောက်ဖတို့
ကိုယ့်အသည်းကိုယ် ပြန်မွှန်းရတာ
တယ်မှ အရသာရှိကြရဲ့လား
မင်းတို့ ရင်းဂစ်တွေ ဒေါ်လာတွေ ခြင်္သေ့အသွင် ဆင်ဖြူတော်အသွင်
ဘယ်လောက်များ ပြောင်းပြီးကြပြီလဲ ။

ဒီမှာတော့ တချို့ဘဝတွေ
ဂိမ်းဆိုင်မှာ ခဏခဏလျော်ကောင်းလို့
တချို့ဘဝတွေ
4D/6D တွေထဲ ထိုးကြွေးကောင်းတုန်း။

ဘဝက မနက်အလုပ်ဝင်ချိန်
ပေါင်တံဖြူဖြူလေးတွေနဲ့ စပြီး
ညနေ အလုပ်သိမ်းချိန်
ပေါင်တံဖြူဖြူလေးတွေနဲ့ ဆုံးပေမယ့်
ငါတို့ရဲ့ အိမ်လွမ်းတဲ့အရသာကိုတော့
ဘယ်မှီနိုင် ပါ့မလဲကွာ. . .။

ဒုက္ခတွေ တစ်နေ့ချိုကောင်းပါရဲ့ဆိုပြီး
လျှောက်လာလိုက်တာ
လမ်းပေါ်မှာလည်း ဆူးချည်းပဲ
ကိုယ့်ကံကြမ္မာပေါ် လောင်းကြေးထပ်
ပြေးနေရတဲ့ မင်းတို့၊ ငါတို့ခြေထောက်တွေ
အသားမာတွေ ဘယ်လောက်ထူထပ်နေပြီလဲ။

ဘဝမှာ မက်မက်မောမော
အတူလျှောက်လည်ခဲ့ရတဲ့ အချိန်တွေ
အတူပျော်ပါးခဲ့တဲ့ အချိန်တွေ
ရယ်သံတွေ
တစ်ယောက်ကိုတစ်ယောက်
ပြောင်နောက် ခေါ်သံတွေ
ပုံပြင်လား အိမ်မက်လား
အတိတ်မှာ ဝေဝါးဝါးကျန်ခဲ့ပေမယ့်
နှလုံးသားမှာ ထင်းထင်းကြီးရှိတုန်း. . .။

ငါတို့ ကလေးဘဝက မက်ခဲ့တဲ့
ဝါသနာအိပ်မက် လှေကားတွေ
ကိုယ်တိုင်ချိုးဖျတ်လို့ 
ငါတို့မိသားစု ခေါင်းမော့နိုင်ဖို့
ငါတို့ကိုယ်တိုင် လူတောထဲ ခေါင်းငုံ့ဝင်ခဲ့ကြတာပဲလေ
ကိုယ်တိုင် မရွေးချယ်လည်း
ဒီလမ်းကတော့ ဆက်လျှောက်ရမှာပဲလေ။

အားတင်ထား မပြောဘူး
မင်းတို့၊ ငါတို့အားသေးတော့တဲ့
အရွယ်တွေလည်း မဟုတ်တော့ဘူး
အသက်ကိုဉာဏ်စောင့်
ဦးနှောက်ကို တစ်လွှာချင်းသုံး
နှလုံးသားမှာ စာနာစိတ်ကပ်လို့
မိသားစုအပေါ် ငါတို့မေတ္တာမိုးတွေ ရွာမယ်။


ပုံပြင်မဟုတ်တဲ့ တစ်နေ့
ငါတို့ ပြန်ဆုံကြမယ်
တစ်ယောက်အတိတ် တစ်ယောက်ပြန်နူးမယ်
သူ့နှမ ကိုယ့်နှမ အပြန်အလှန်တောင်းလို့
ရယ်ပွဲ ဖွဲ့ကြမယ်
တစ်ယောက်ပုခုံး တစ်ယောက်ဖက်
တစ်ယောက်ခေါင်း တစ်ယောက်
ရိုက်ပုတ်လို့ စကြမယ်
ဘီယာဆိုင်မှာ ခွက်မချကြေး Cheersမယ်
ကဲလာထား မင်းတို့ဘဝတွေလည်း
"Cheers"ကွာ. . .။

 

                မျိုးဝင်းနိုင်
               (၈-၈-၂၀၁၇)
       (ပီနန်းမြို့၊ မလေးရှားနိူင်ငံ)