မောင်မျိုး (ရမည်းသင်း)
{ခ} မျိုးဝင်းနိုင်

၁။

“ဒီအိမ်ကလေးကို စ ဆောက်တုန်းက အမေ့ဗိုက်ထဲမှာ သမီးကိုလွယ်ထားတဲ့ ကိုယ်ဝန်သုံးလတောင် ရှိနေပြီလေ။” ဟု အမေက မိဖြူကို ပြောဖူးသည်။ မိဖြူအသက် နှစ်ဆယ့်ခြောက်နှစ်ထဲဝင်၍ မိဖြူထက် နှစ်နှစ်ငယ်သော ညီမလေးပင် ကျောင်းဆရာမလေးသဲသဲ ဖြစ်နေချေပြီ။ ဒီအိမ်ကလေး၏ အကျယ်ဝန်းဟာ သုံးပင် လေးပင် ပတ်လည်သာ ဖြစ်သော်လည်း မိဖြူတို့ မိသားစုအတွက်တော့ မကျဉ်းလှပါ။ တိုင်ခြေမှာ အုတ်ဖိနပ်ခံထား၍ နှစ်နှစ်တစ်ခါ သုံးနှစ်တစ်ခါ ဝါးထရံကလေးလဲကာ ရေနံကလေး သုတ်ပေးနေသည်ဆိုတော့ အိမ်ကလေးဟာ ဟောင်းနေပေမယ့် ကောင်းနေသေးသည်။ အိမ်အမိုးအတွက်ကတော့ သွပ်ပြားများမိုးထား၍ စိတ်ချရသည်။

အဖေနှင့် အမေက ဒီအိမ်ကလေးမှာနေပြီး လယ်ယာလုပ်ငန်း လုပ်ကိုင်ကာ မိဖြူတို့ ညီအစ်မနှစ်ယောက်ကို ရှာဖွေကျွေးမွေး၊ ပြုစုပျိုးထောင်ပေးခဲ့သည်။ မိဖြူတို့ ညီအစ်မ နှစ်ယောက်သည်လည်း ဒီအိမ်ကလေးမှာနေပြီး အဖေနှင့် အမေ၏ မေတ္တာများခိုလှုံရင်း ကျောင်းတတ်ခဲ့ရ၏။ ညီမလေးက ကျောင်းပြီးသည်အထိ တတ်နိုင်ခဲ့သော်လည်း မိဖြူမှာတော့ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဆိုသည့်နှယ် မိဖြူဆယ်တန်းကျသည့်နှစ်က မိုးကလည်းခေါင်၍ ဘာသီးနှံမျှ မရကာ မိဖြူကျောင်းထွက်လိုက်ရသည်။ ဘာပဲဖြစ်ဖြစ် မိဖြူကျေနပ်သည်။ အဖေနှင့် အမေ၏ အလုပ်များကို ဝိုင်းကူလုပ်ရင်း ဒီမိသားစုလေးနှင့် ဒီအိမ်ကလေးထဲမှာ နွေးနွေးထွေးထွေး နေရသည်ကိုက မိဖြူပျော်သည်။ ဝမ်းသာ ပီတိလည်း ဖြစ်ရ၏။

ဒီအိမ်ကလေးမှာမွေး ဒီအိမ်ကလေးမှာပဲ ကြီးပြင်းခဲ့သည်ဆိုတော့ မိဖြူ ဒီအိမ်ကလေးကို အရမ်းချစ်သည်။ အရမ်းလည်း သံယောဇဉ်တွယ်သည်။ အဖေနှင့် အမေ၏ ချွေး၊ သွေးများနှင့် ရင်းပြီးဆောက်ခဲ့သော အိမ်ကလေး၊ မိဖြူတစ်သက် ညီမလေးတစ်သက် ကြီးပြင်း ခိုလှုံရာ အိမ်ကလေးမို့ မိဖြူ ပို၍ ပို၍ ချစ်သည်။ ဒီအိမ်ကလေးထဲမှာ နေထိုင်ကြသည့် အဖေ၊ အမေ၊ ညီမလေး ဒီမိသားစု ဘယ်တစ်ဦးတစ်ယောက်မျှကိုလည်း ဒီအိမ်ကလေးထဲက ထွက်မသွားစေချင်။ မိဖြူလည်းပဲ ခွဲမထွက်ပါ။ သို့အတွက်ကြောင့်မို့ မိဖြူ ဒီအသက်ရွယ်တိုင် ရည်းစားသနာပင် တစ်ယောက်မျှ မထားခဲ့ချေ။ အိမ်ထောင်ပြုဖို့ ဆိုသည်မှာ ဝေးလေစွ။

၂။

အမေဆုံးတော့ မိဖြူနှင့် ညီမလေး အသံများအိုင်း၍ တိမ်ဝင်သွားသည်အထိ ငိုခဲ့ရ၏။ အဖေက မိဖြူတို့ ညီအစ်မနှစ်ယောက်ကို ကျေသပ်ကာ နှစ်သိမ့်ပေးရှာသော်လည်း အမေတစ်ယောက် ဒီအိမ်ကလေးက ထွက်ခွာသွားပြီဆိုသည့် အသိက မိဖြူကျောကို တဖြုန်းဖြုန်းရိုက်၍ နာကြင်စေသည်။ ယူကျုံးမရ ဖြစ်ရသည်။ မိသားစုဝင် တစ်ယောက်မရှိတော့သည့် ဒီအိမ်ကလေးဟာ အလျင်လို စိုစိုပြေပြေမရှိ။ ပကတိ တိတ်ဆိတ် ငြိမ်သက်၍ ခြောက်ကပ်ခြင်း အတိပြီးလေ၏။ ဝေသည်၊ ကြွေသည်။ ဒီအနိစ္စသဘောကို မိဖြူနားလည်သော်လည်း ၀မ်းနည်းမူက ရင်မှတလိပ်လိပ်တတ်ကာ ဆို့နစ်၍ မျက်ရည်ကျရပြန်သည်။ အမေမရှိတော့ဘူး ဆိုသည့် အသိက တွေးလေလေ ခံစားရလေလေ ၀မ်းနည်းရလေလေ ဖြစ်၏။ အမေဆိုသည့် ခေါ်သံလေး ဒီအိမ်ကလေးမှာ စဲခဲ့ရလေပြီ။

၃။

ရွက်ဝါတွေကြွေ၊ ရွက်သစ်ဝေ၍၊ ဆောင်းလေမြောက်ပြန်၊ မိုးသံညံစီ၊ ချိန်မှန်ရာသီ ပြောင်းခဲ့ပြီ။ အမေဆုံးပြီး၍ သုံးနှစ်ဆိုသည့် အချိန်ကာလသည် ရင်ထဲကအနာကို ကုစားသက်သာ၍ မိဖြူ ဒီအိမ်ကလေးနှင့် နေသားတကျ ပြန်ဖြစ်နေပြန်ပြီ။ ဒဏ်ရာဟောင်းသည် ကွယ်ပျောက်လုဖြစ်နေသော်လည်း ဒဏ်ရာအသစ် ထပ်၍ ရပြန်သည်။ အဖေက နောက်အိမ်ထောင်ထူလိုက်ခြင်းကြောင့်ဖြစ်သည်။ အဖေအိမ်ထောင်ပြုတာကို မိဖြူစိတ်မနာပါ။ အဖေက ဒီအိမ်ကလေးမှာ မနေတော့ဘဲ နောက်အိမ်ထောင်နောက် လိုက်၍နေသည်ကိုတော့ မိဖြူ ၀မ်းနည်း ကြေကွဲရသည်။ ညီမလေးကဆိုလျှင် အဖေ့ကို လမ်းတွေ့လျှင်ပင်အခေါ်အပြောမလုပ်တော့ပေ။ မိဖြူက အကြီးဖြစ်၍ ညီမလေးအား အဖေ့ကို စိတ်မနာ၊ စိတ်မဆိုးဖို့ ချော့မော့ပြောရ၏။ ညီမလေးကို ချော့မော့၊ နှစ်သိမ့်ပေးနေရှာသော်လည်း မိဖြူရင်တွင်းကား မကောင်း။ အဖေကတော့ တစ်ခါတရံ အိမ်ကိုဝင်၍ မိဖြူအား ဆုံးမ၊ နှစ်သိမ့်ပေးကာ အခက်အခဲရှိလျှင် ကူညီရှာပါသည်။ သို့သော် အဖေ ဒီအိမ်ကလေးမှာ မနေတော့ဘူး ဆိုသည့် အသိဝင်လာတိုင်း ၀မ်းနည်းရသည်။ မျက်ရည်ကျရပြန်၏။ အဖေလည်းမနေ၊ အမေလည်းမရှိတော့သည့် ဒ်ီအိမ်ကလေးသည် တိတ်ဆိတ်လွန်းမက တိတ်ဆိတ်၍ ခြောက်သွေ့လွန်းမက ခြောက်သွေ့လာသည်။ မိဖြူခေါင်းထဲ အတွေးတစ်ခု၀င်လာ၍ ထိတ်လန့်ကာ ချွေးစေးများစို့လာသည်။ အကယ်၍ ညီမလေးသာ အိမ်ထောင်ကျ၍ ဒီအိမ်ကလေးက ထွက်ခွာသွားမည်ဆိုပါက မည်ဖြူတစ်ယောက်တည်း အဘယ်၍ နေထိုင်ရမည်နည်း။ ညီမလေးမှာ ချစ်သူ၊ ရည်းစားများ ရှိနေပြီလား။ မိဖြူမစဉ်းစားချင်ပေမယ့် အတွေးများက အဆက်မပြတ် စီးဆင်းကာ မိဖြူကိုတုန်လှုပ်ခြောက်ရှားစေသည်။

၄။

မိဖြူ မဖြစ်ချင်ဆုံးဆန္ဒသည် ဖြစ်၍လာပြန်ပြီ။ ညီမလေးက မိဖြူတို့ရွာနှင့် တစ်ရွာကျော်ရှိ ညောင်လေးပင်ရွာမှ ကျော်ကျော်ဆိုသည့် ကောင်လေးနှင့် ခိုးရာလိုက်ပြေးသွားခဲ့သည်။ ကောင်လေး၏ မိဘများကတော့ မိသားဖသားပီပီ တောင်းယူခွင့် မရခဲ့၍ မိဖြူနှင့် အဖေ့အား အနူးအညွှတ်တောင်းပန်ကာ ညီမလေးကို ပြန်အပ်သည်။ မိဖြူနှင့် အဖေကတော့ ဖြစ်ပြီးသွားမှ အဘယ့်တတ်နိုင်မည်နည်း။ ကောင်လေး၏ မိဘများက မိဖြူတို့အိမ်မှာပဲ မင်္ဂလာပွဲကို မကြီးကျယ်စေဦးတော့ အခမ်းနားဆုံးလုပ်ပေးရှာသည်။ မင်္ဂလာဆောင်ကိစ္စပြီးစီးသောအခါ ညီမလေးတို့ လင်မယားနှစ်ယောက်အား အဖေက ဘယ်အိမ်မှာ လိုက်နေကြမှာလဲဟု မေးသည်။ ညီမလေးပါးစပ်က ထွက်ကြလာမည့် အဖြေစကားကို မိဖြူ ရင်တုန်စွာ နားစွင့် စောင့်စားနေရ၏။ ညီမလေးက သူ့ယောကျာ်းအိမ်ကိုတော့ လိုက်မနေချင်ဘူး ဟုပြောသည်။ ပြီးနောက် ဒီအိမ်မှာပဲ နေမည်ဟု ပြောလိုက်၍ မိဖြူဖြင့် ၀မ်းသာလိုက်သည်မှာ ပြောမပြတတ်အောင်ပင်။ “တော်သေးတာပေါ့ ညီမလေးရယ် အစ်မဖြင့် ညီမလေး ဒ်ီအိမ်ကလေးက ခွဲထွက်သွားတော့မည်ထင်လို့ ရင်တုန်လိုက်ရတာ” ဟု မိဖြူတစ်ကိုယ်တည်း ရင်ထဲတွင် တီးတိုးပြောနေမိတော့၏။

၅။

“မမ နင်ဒီအိမ်မှာ ရှိနေတော့ ငါတို့လင်မယား နေရကြပ်တယ်ဟာ နင်အဖေ့အိမ်မှာ သွားနေပေးပါ့လား”

“ဟင်”

မိဖြူ ဟင်တစ်လုံးသာ ချနိုင်တော့သည်။ နောက်ထက် အဘယ်သို့သော စကားမျိုးမျှ မထွက်နိုင်တော့ချေ။ မိဖြူ လုံးဝထင်မှတ်မထားသော စကား။ သည်တစ်ခါ သည်အိမ်ကလေးက ခွဲထွက်ရမည့်သူဟာ ငါပါလားဆိုသည့် အတွေးက အရှိုက်ထိစေ၍ ရင်ထဲတွင် ဗြောင်းဆန်ကာ ဆို့ဆို့နစ်နစ်ခံစားလိုက်ရသည်။ မိဖြူ အချစ်ရဆုံး အိမ်ကလေး။ အဖေနှင့် အမေတို့၏ ချွေးသွေးများနှင့် ရင်း၍ ဆောက်ခဲ့သည့် အိမ်ကလေး။ မိဖြူ မွေးဖွာရာ၊ ကြီးပြင်ရာအိမ်ကလေး။ ညီမလေးရယ် နှင်ထုတ်ရက်လိုက်လေခြင်း။ မိဖြူအချစ်ရဆုံး တစ်ဦးတည်းသော ညီမလေးက မိဖြူ အချစ်ရဆုံး ဒ်ီအိမ်ကလေးက မောင်းထုတ်နေပြီ။ မိဖြူ မခံစားနိုင်တော့ပါ။ မျက်ရည်များက တားနိုင်စီးမရ သွင်သွင်စီးကျလာ၏။ မိဖြူ အိမ်ကလေးကို တစ်ချက်မော့ကြည့်၍ ပါးနှစ်ဖက်ပေါ် စီးကျလာသော မျက်ရည်များအား သုတ်ရင်း ပြေးထွက်လာခဲ့တော့သည်။

မောင်မျိုး(ရမည်းသင်း)
ရသစာစဉ် အတွဲ ၂၊ အမှတ် ၅


ရသစာစဉ် အတွဲ ၂၊ အမှတ် ၅ Pdf