မောင်မျိုး (ရမည်းသင်း)
{ခ} မျိုးဝင်းနိုင်
နံနက်အရုဏ်ဦး အချိန်သည် လတ်ဆက်နုပျိုမနေ။ ဒေါသ၏ အငွ့အသက်များ ဖုံးလွှမ်းနေ၍ အိမ်ရှေ့ရှိ မင်္ဂလာမဏ္ဍပ်ကြီးသည်လည်း ခမ်းနားထည်ဝါနေသော်လည်း အကျည်းတန် ရုပ်ဆိုးလွန်းနေသည်။ မင်္ဂလာပွဲအတွက် ငှားထားသော လော်စပီကာသမား (စောင်းဘောက်သမား) ကိုသာဒီးသည်လည်း မင်္ဂလာသီချင်းဖွင့်ရန် လက်တွန့်နေချေသည်။ နှစ်ဖက်သော မိဘ၊ ဆွေးမျိုးများ၏ အပြစ်တင် ကြိမ်းမောင်းသံများသည် တစ်ရွာလုံးမှာ ပဲ့တင်ထပ်နေသည်။ မင်္ဂလာဆောင်အတွက် အားခဲ၍ ကြိုတင်ချုပ်ထားသော အဝတ်အစားများအား ဝတ်ပြခွင့်ဆုံးရှုံးသွားမည်ကို ရွာထဲရှိ အပျိုတော်တစ်သိုက် စိုးရိမ်နေကြသည်။ သတို့သား အဖြစ်နာမည်တပ်ခံထားရသော လူမှာ လက်သီးအား ကျစ်ကျစ်ပါဆုပ်လျက် အမျက်ဒေါသ ချောင်းချောင်းထွက်လျက်ရှိ၏။ ထိုလူ၏ စိတ်ထဲတွင် မကျေနပ်ခြင်း ဖွဲမီးက တမြည့်မြည့် လောင်ကျွမ်း လှိုက်စား၍နေလေသည်။ အိမ်ရှေ့ရှိ မင်္ဂလာမဏ္ဍပ်ကြီး၏ အတွင်း၊ အပြင်ရှိ နှစ်ဖက်သော မိဘဆွေးမျိုးများ၏ အပြစ်တင်ကြိမ်းမောင်းသံများက ထိုလူ၏ ဒေါသကို မီးထိုး ယပ်ခတ်ပေးနေသယောင်ဖြစ်၍ သူ၏ ရင်တစ်ခုလုံး ပို၍ပူလောင်ကာ ခံစားရခက်စေသည်။
မြင့်မောင်အား ရဲထွန်း အလွန်ပင် ကြည့်မရဖြစ်နေချေပြီ။ ငယ်ငယ်ကတည်းက တစ်ရွာတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်တန်းတည်းနေကာ အနိုင်မခံ၊ အရှုံးမပေးတတ်သော ရန်ဘက်များဖြစ်ကြသည့် အလျောက် ယခုဆိုလျင် သာလွန်၍ပင် ကြည့်မရဖြစ်ရသည်။ မြင့်မောင်သည် ရွာထဲရှိ သာရေး၊ နားရေး၊ ရွာအရေး မှန်သမျှ ရှေဆုံးကဦးဆောင်လုပ်တတ်သူမို့ ရွာထဲတွင် နာမည်ကောင်းရနေသည်က တစ်မျိုး၊ ရွာထဲရှိလူကြီးသူမများ၏ အရေးပေးခြင်းကိုခံရသည်က တစ်ဖုံ။ ပိုဆိုးသည်က ထားနွယ်၏ အရေးပေးခြင်းခံရသည်ကို ရဲထွန်း မနာလို မရှုစိမ့်ဖြစ်၍ ဒေါမနဿပွားနေရ၏။ သို့သော်လည်းပဲ မြင့်မောင်က ထားနွယ်အား မောင်နှမလိုပင် ရင်းနှီး ချစ်ခင်ဆက်ဆံကြောင်းကို သောင်းစိန်နှင့် မင်းမင်းကပြော၍ စိတ်အေးရပြန်သည်။ ရဲထွန်းအတွက် ရွာ၏အရေးသည် သူနှင့် မဆိုင်သလိုသာ ရှိနေလေ၏။ တစ်နေကုန် လယ်တောထဲတွင် ပန်းခင်း၊ စပါးခင်း၊ ပဲခင်း အစရှိသည့် သီးနှံခင်းများလုပ်ကိုင်၍ ညနေ နေညိုချိန်ရောက်လျှင် သောင်းစိန်၊ မင်းမင်းတို့နှင့် ကိုပုကြီးဆိုင်တွင် ထန်းရေရလျှင် ထန်းရေသောက်၍ ထန်းရေမရလျှင် အရက်သောက်၍သာ အချိန်ကုန်တတ်သည်။
ထို့အတွက်ကြောင့်လည်း ထားနွယ်က သူ့ကိုငြင်းနေသည်ဟု ရဲထွန်းတွေးကြည့်၍ သိ၏။ ထို့ကြောင့် ထားနွယ်ကြည်ဖြူ လက်ခံလာအောင် မြင့်မောင်လိုပင် ရဲထွန်း လုပ်ပြချင်သည်။ သို့သော် ရဲထွန်း ထားနွယ်အား မေတ္တာစကားလိုက်ပြောတိုင်း မြင့်မောင် နှင့် ခိုင်းနှိင်းပြောဆို ခံရသည်က အသည်းနာစရာ ကောင်းလွန်းလှသည်။ ထိုသို့ခိုင်းနှိင်း အပြောဆိုခံရလျှင် အကောင်းလုပ်ပြချင်စိတ်ပျောက်၍ အရွဲ့တိုက်ချင်စိတ်က ပို၍ ပြင်းထန်သွားကာ သောင်းစိန်၊ မင်းမင်းတို့နှင့် တစ်နေကုန်သောက်၍ မူးပြနေတတ်သည်။
* * * * * * * *
ပထမ ရဲထွန်း အံ့သြရသည်။ ပြီးနောက် သူ၏ ရင်ဘက်အား ဖိ၍ ဝမ်းနည်း၊ ကြေကွဲ ဖြစ်ရသည်။ ဘယ်လိုမှ ထင်မထားသည့်ကိစ္စ။ သူနှင့် ရန်ငြိုး၊ ရန်စရှိ၍ တမင်လုပ်လေခြင်းလား။ မြင့်မောင်နှင့် ထားနွယ် မေတ္တာမျှနေကြသည်ဟုလည်း တစ်ခါမျှ မကြားမိချေ။ မြင့်မောင်က ထားနွယ်အား ဘယ်အချိန်ကစ၍ မေတ္တာစကားဆိုခဲ့သနည်း။ ဘာကြောင့် သူတို့နှစ်ယောက်အကြောင်း အရိပ်အမြွတ်မျှပင် မသိခဲ့ရပါသနည်း။ ရဲထွန်း အဖြေရှာမရ။ မေးခွန်းပေါင်းများစွာက သူ၏ ခေါင်းထဲသို့ စိုက်ဝင်နေကြကုန်သည်။ ယခု ဘာဆက်လုပ်မည်ကိုပင် မတွေးတတ်အောင်ဖြစ်နေ၏။ မနက်ဖြန်ဆိုလျှင် မြင့်မောင် နှင့် ထားနွယ် မင်္ဂလာဆောင်တော့မည်။ ရဲထွန်း အိပ်မရသေး။ မြင့်မောင် နှင့် ထားနွယ်တို့ အကြောင်းသည် ခေါင်းထဲတွင် ပြည့်နှက်၍နေသည်။ "ငါဘာလုပ်ရမလဲ" ဆိုသောမေးခွန်သည် ရဲထွန်းအား ဦးနှောက်ခြောက်စေသည်။ အိပ်ရာပေါ်တွင် ဟိုလိမ့် သည်လူးနှင့် အဖြေရှာ စဉ်းစားနေလေသည်။ အတန်ကြာ စဉ်းစားမိသောအခါ အဖြေတစ်ခုထွက်လာ၏။ အိပ်ရာဘေးတွင် အသင့်ရှိနေသော လက်နှိပ်ဓာက်မီးနှင့် ဝါးထရံတွင် ချိတ်ထားသော ဓားအိမ်တပ်ဓားအား ရဲထွန်း ဆွဲယူ၍ သူ၏လယ်တောမှ တဲလေးဆီသို့ထွက်လာခဲ့သည်။
နောက်တစ်နေ့နံနက် ခြောက်နာရီခန့် မင်္ဂလာရှိသော အချိန်တွင် အမင်္ဂလာသတင်းတစ်ခုက မင်္ဂလာမဏ္ဍပ်ကြီးဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာလေသည်။ ရဲထွန်းက ထားနွယ်၏ လက်ကိုအတင်းဆွဲ၍ သူ၏ လယ်တောဘက်ဆီထွက်ပြေးသွားသည် ဟူသောသတင်းက ခဏချင်းပင် ရွာထဲတွင်ပျံ့နှံ့သွားသည်။ မြင့်မောင်၏ ရင်ထဲတွင် ဗြောင်းဆန်၍ သံရည်ပူ မျိုချထားသကဲ့သို့ ရှိနေလေသည်။ ရဲထွန်း ထားနွယ်ကို ကြိတ်ပိုးနေသည်ကို မြင့်မောင်သိသည်။ ထိုအတွက်ကြောင့်ပဲ ထားနွယ်အား အမြန်ဆုံးလက်ထပ်ကြရန် တောင်းဆို၍ ယခုလိုမင်္ဂလာပွဲကို အမြန်ဆုံးစီစဉ်လိုက်ခြင်းဖြစ်သည်။ သို့ပေမဲ့ ရဲထွန်း သည်လိုလုပ်လိမ့်မည်ဟု မြင့်မောင်မထင်ထားပေ။ မြင့်မောင်သည် လက်သီးအား ကျစ်ကျစ်ပါဆုပ်ထားလျက် မင်္ဂလာမဏ္ဍပ်ကြီးအား စူးစိုက်ကြည့်နေလေသည်။ မြင့်မောင်နှင့် ထားနွယ်တို့၏ နှစ်ဖက်သော ဆွေမျိုးများသည် ရဲထွန်းအား ကြိမ်းမောင်း၊ ဆဲဆို၊ အပြစ်တင်နေကြသည်။ မကြာခင် ဧည့်သည်များ ရောက်ရှိလာပါက အရှက်တကွဲ အကျိုးနည်းဖြစ်တော့မည်။ ရွာထဲမှ ဖြတ်သွားဖြတ်လာလူများနှင့် လာရောက် မေးမြန်းကြသူများသည်လည်း အချင်းချင်း တိုးတိုးတိတ်တိတ် လက်တို့ကြရင်း ကွက်ကြည့် ကွက်ကြည့်လုပ်နေကြသည်။ သည်လို မင်္ဂလာပွဲဖြစ်ရန်ဆဲဆဲလေးမှ အလွတ်ပေး၍မဖြစ်ချေ။ နှစ်ဖက်သော ဆွေမျိုးများသည် ထားနွယ်တို့၏ အိမ်ရှေ့ မင်္ဂလာ မဏ္ဍပ်တွင်စုမိကာ အချင်းချင်းတိုင်ပင်၍ ရဲထွန်းနှင့် ထားနွယ်အား အမြန်ဆုံးတွေ့အောင် လိုက်ရှာကြရန် အုပ်စု သုံးစုခွဲကာ ထွက်ရှာကြသည်။
"ခွပ်"
" ကဲကွာ ကဲ မကြာခင်သူများ မယားဖြစ်တော့မယ့် မိန်းမတစ်ယောက်ကို အပြစ်မကြောက်ဘဲ လုယူချင်တဲ့ကောင် ကဲကွာ"
မြင့်မောင်သည် ဒေါသစိတ်အား အတာအဆီးမရှိလွှတ်ထားကာ ရဲထွန်းအား စိတ်ရှိလက်ရှိထိုးနေ၏။
"ကိုမြင့်မောင် မလုပ်ပါနဲ့ရှင် မလုပ်ပါနဲ့ ရှင်လွန်လိမ့်မယ်"
ထားနွယ်က ဝင်တားသည်။ နှစ်ဖက်သော ဆွေမျိုးများက တစ်ယောက်မျှ ဝင်မဆွဲ။ ရပ်၍ ကြည့်နေကြသည်။ မြင့်မောင်က မရ။ ရဲထွန်းအား ဆက်ကာထိုးနေသည်။ ရဲထွန်းသည် ဘာမျှပြန်မလုပ်။ လက်နှစ်ဖက်ဖြင့်သာ ကာ၍သာနေလေသည်။
"ကိုမြင့်မောင် မလုပ်ပါနဲ့တော့ မလုပ်ပါနဲ့ ကျွန်မရှင်းပြပါ့မယ်။ ကျွန်မတောင်းပန်ပါတယ် ရှင် ကျွန်မတောင်းပန်ပါတယ်"
ထားနွယ်မှ ငိုယို၍ အနူးညွှတ်တောင်းပန်မှ မြင့်မောင်သည် ရဲထွန်းအား တွန်းလွှတ်လိုက်သည်။ ထားနွယ်သည် အားလုံးမြင်သာအောင် ထန်းရွက်တဲကလေးအား လက်ညိုးထိုးပြသည်။ ထားနွယ်လက်ညိုးညွှန်ရာကို အားလုံး၏ မျက်လုံးအစုံ ကျရောက်သွားသည်။ ပန်းပေါင်းစုံ၊ အရောင်ပေါင်းစုံဖြင့် ပုံဖော်ပြုလုပ်ထားသော "မောင်မြင့်မောင် နှင့် မထားနွယ် တို့၏ မင်္ဂလာဧည့်ခံပွဲ" ဟူသော မင်္ဂလာမဏ္ဍပ်၏ နောက်ခံ နာမည်ပန်းစာလုံးအား ချိတ်ထားသည်ကို တွေ့ရသည်။ ထားနွယ်က ထိုပန်းပေါင်းစုံ၊ အရောင်ပေါင်းစုံဖြင့် ပြုလုပ်ထားသော မင်္ဂလာမဏ္ဍပ် နောက်ခံ နာမည်ပန်းစာလုံးများမှာ ရဲထွန်း တစ်ညလုံးမအိပ်ဘဲ ပြုလုပ်ထားကြောင်းနှင့် ထိုနောက်ခံ နာမည်ပန်းစာလုံးကို လက်ဖွဲ့လိုကြောင်း၊ ထားနွယ်အား အရင်ဦးဆုံး မြင်စေလို၍ ပြလိုကြောင်းပြောကာ ခေါ်လာခဲ့သည်ကိုပြောကာမှ နှစ်ဖက်သောဆွေမျိုးများနှင့် မြင့်မောင်မှာ ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။ မြင့်မောင်သည် မြေပေါ်တွင်လဲကျနေသော ရဲထွန်းအား လက်ပေး၍ ဆွဲထူကာ "ငါ့ကို ခွင့်လွှတ်ပါ သူငယ်ချင်းရာ"ဟုပြောကာ ရဲထွန်းအား သိုင်းဖက်လိုက်သည်။ ရဲထွန်းမှလည်း ခွင့်လွှတ်ပါသည်ဟူသော အပြုံးနှင့် မြင့်မောင်အား ပြန်၍ သိုင်းဖက်လိုက်သည်။ ရဲထွန်းသည် မျက်လုံးကို လှန်၍ ဘေးဘီအား ဝှေ့ကြည့်လိုက်သည်။ ပီတိအပြုံးများကြားမှ စီးကျလာသောမျက်ရည်များအား သုတ်နေသည့် ထားနွယ်အား မြင်ရ၍ ရဲထွန်း၏နှလုံးသားသည်လည်း အေးချမ်းသွားလေတော့သည်။
မောင်မျိုး(ရမည်းသင်း)
ရသစာစဉ် အတွဲ ၂၊ အမှတ် ၆
ရသစာစဉ် အတွဲ ၂၊ အမှတ် ၆ Pdf
0 Comments