ဝန်းကျင်၌ မြက်ခင်းပြင်သည် စွတ်စို၊ စိမ်းမြနေပေသည်။ မိုးသည် ရင်ခုန်ကောင်းအောင် ကျနေသည်ဆိုရုံလေး။ ဘေးတွင် လူအများအပြားရှိနေပါသော်လည်း ထီးတစ်လက်အောက်၌ ကျွန်တော်တို့ နှစ်ယောက်သား ထိုင်မိစေသည့် အဖြစ်ကို မိုးမင်းကဖန်တီးပေးနေသလားဟု ထင်ရပေသည်။ မယုံရဲ ယုံရဲနှင့် အိပ်မက်အား လက်နှင့်ဆုပ်ကိုင်မိခြင်းကိုလည်း အတွေးဝယ်ကျေနပ်နေမိသည်။  ကျွန်တော့်မှာ သူ၏ မျက်နှာကလေးနှင့် နီးကပ်လွန်းနေ၍ပေလား။ စကားများမှာ တောင်စဉ်ရေမရ မန္တလေးမှ ရန်ကုန်သို့ အစပ်အဆက်မရှိ ပြေးလွှားနေပေသည်။  လေကလေး တစ်ချက်အဝေ့၌ လွင့်ပျံလာသော သူ၏ ဆံနွယ်စ,ကလေးများမှာ ယိမ်းနွဲ့၍ ကျွန်တော့် မျက်နှာပေါ်သို့ သင်းပျံ့ကာ ယှက်ပြေးလာကြသည်။ ခုန်နေသော ရင်ကလေးမှာ နွေးကနဲ ရှိန်၍ မြင့်တက်သွား၏။ ဘေးဝဲ၊ယာရှိ လူများကိုပင် သတိမမူမိ။ ကျွန်တော့်မှာ သူနှင့် နီးကပ်စွာ ထိုင်နေခွင့်ရခြင်းကိုပင်လျှင် သူ၏ ဘဝကလေးထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွား၏။ သူ့မျက်နှာကလေးအား မေ့မျောနေအောင် ကြည့်နေမိသည်။ မိုးသည် ကျွန်တော့်ဘဝ၌ အကြိမ်ပေါင်းများစွာ တွေ့ဖူးပေသည်။ သို့သော် ထိုမိုးရွာသော နေ့ကလေးသည်သာ ကျွန်တော့်နှလုံးအိမ်၌ အဘယ်ကြောင့်စွဲမြဲနေသည်ကို ကျွန်တော့်ကိုယ် ကျွန်တော် နားမလည်းများစွာနှင့် အံ့သြနေမိတော့သည်။

              -မျိုးဝင်းနိုင်-
             ၁၂.ဇွန်.၂၀၁၉